Interview with Thant Thet

မိုးကုတ် Browser , Keymagic စသည်တို့ကို ဖန်တီးခဲ့သူ နှင့် interview
ရေးသားသူ : saturngod

ဒီလမှာတော့ iPhone , iPad သုံးတဲ့ သူတိုင်း သိကျတဲ့ မိုးကုတ် browser , keymagic (Windows , Mac , iOS) စသည်တို့ကို တီထွင် ဖန်တီးခဲ့တဲ့ သန့်သက် နဲ့ interview ပါ။ Interview မှာ keymagic ကို ဖန်တီးခဲ့တဲ့ အကြောင်း နောက်ပြီး Objective-C လေ့လာခဲ့ပုံနဲ့ နောက်ဆုံးထွက် iOS 7 အပေါ်အမြင် တို့ကို မေးမြန်းထားပါတယ်။

၁။ မင်္ဂလာပါ သက်သန့် ။ တချက်လောက် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါအုံး။

ကျွန်တော်နာမည် အပြည်အစုံကတော့ သန့်သက်ခင်ဇော်ပါ။ ခုလောလောဆယ်တော့ iOS developer တစ်ယောက်အနေနဲ့လုပ်ကိုင်နေပါတယ်။

၂။ အခု လက်ရှိ App Store ပေါ်မှာ တင်ထားတာ ဘာ App တွေလဲ။

ကျွန်တော်ရဲ့ AppStore ပေါ်က ပထမဆုံး app ကတော့ Mogok Browser ပါ။ ခုဆိုရင်တော့ အားလုံးပေါင်း ၃ ခုရှိတယ်။ Mogok Browser၊ MyanChat နဲ့ LikeBook တို့ပါ။ ဒါတွေကတော့ ကျွန်တော်ခုလက်ရှိရေးခဲ့တဲ့ App တွေဖြစ်ပါတယ်။

၃။ ကျွန်တော် သက်သန့် ကို စပြီးသိတာကတော့ Keymagic ကြောင့်ပါ။ ပထမဆုံး မြန်မာ community ထဲကို ရောက်လာတဲ့ Application ထင်တယ်။ အဲတုန်းက အကုန်လုံးက Keymen ပဲ သုံးနေကြပြီး keymagic က မြန်မာ unicode ကိုတော့ အထောက်အကူ ပြုခဲ့တယ်။ အဲဒီ keymagic လေး ရေးဖြစ်ခဲ့ပုံလေးနဲ့ ဘယ် language တွေကို အသုံးပြုပြီး ရေးခဲ့တာလဲ မသိဘူး။

ဟုတ်ပါတယ်။ KeyMagic ကတော့ တကယ် Application လို့ခေါ်လို့ရတဲ့ ကျွန်တော့်ရဲ့ ပထမဆုံး Application ပါပဲ။ အဲ့ရှေ့မှတော့ Font converter လေးတစ်ခုရေးခဲ့ဖူးတယ်။ KeyMagic စရေးဖြစ်တဲ့အကြောင်းအရင်ကတော့ Keyman ကြောင့်လို့ ပြောလို့ရပါတယ်။ ကျွန်တော် ယူနီကုဒ်ဆိုက စသိပြီး သိပ်မကြာဘူးဗျ၊ Keyman က version 7.0 ထွက်လာပြီ အလကားပေးမသုံးတော့ဘူးဆိုတာ ကျွန်တော်သိလိုက်ရတယ်။ ဒီ Keyman ဆိုတာ တကယ် ဝယ်သုံးနေရမယ်ဆိုရင် မြန်မာပြည်ကလူတွေအတွက်က ဝယ်မသုံးနိုင်တဲ့စျေးဗျ။ ဒါနဲ့ ကျွန်တော်တို့ အလားကားသုံးနိုင်မယ့် Keyman လိုမျိုး တစ်ခုကို ကျွန်တော် ကိုယ်တိုင် လုပ်ကြည့်မယ်ဆိုပြီး လုပ်ကြည့်ရင်က ဒီ KeyMagic ဆိုတာဖြစ်လာတာပဲ။ ကျွန်တော် KeyMagic ကို စပြီး အစမ်းတင်ခဲ့တာတော့ mmgeeks forum မှာဗျ။ KeyMagic ကိုတော့ C++ သုံးပြီးရေးထားတာပါ။

၄။ Keymagic ကို iOS အတွက်လည်း ရေးထားတာ ရှိပါတယ်။ iOS အတွက် keyboard ရေးရမှာ ဘာ အခက်အခဲတွေရှိလဲ။

iOS အတွက်ရေးတာကတော့ တော်တော်ခက်ခက်ခဲခဲ ရေးခဲ့ရတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ iOS ရေး Input System ကို Reverse Engineer လုပ်ရတာရယ်။ အဲအချိန်က ObjC နဲ့ စထိတွေ့ကာစဆိုတော့ မကျွမ်းကျင်တာတွေလည်းပါတယ်။ နောက်ပြီး jailbreak tweak ဖြစ်တဲ့အတွက်ကြောင့် debug လုပ်ရတာတော်တော် လက်ပေါက်ကပ်တယ်။ ကိုယ် code မှာ bug ပါသွားရင် Springboard ကြီးတစ်ခုလုံး restart ဖြစ်သွားရော။

၅။ Objective-C ကို ဘယ်လို လေ့လာဖြစ်ခဲ့လဲ။

ObjC ကစလေ့လာဖြစ်တာတော့ ဒီကီးမက်ဂျစ်ကို iOS အတွက် လုပ်မှပဲ ကောင်းကောင်းလုပ်ဖြစ်တယ်။ ကီးမက်ဂျစ်လည်း လုပ်ပြီးသွားရော ObjC ရဲ့ syntax တွေနဲ့တော့ ရင်းနှီးသွားတယ်။ နောက်တော့ Standford က iPhone Developement တွေကြည့်ပြီးလေ့လာဖြစ်တယ်။ နောက်တော့ Mogok browser လုပ်ဖြစ်တော့ ObjC ရဲ့ သဘောတရားတွေကို တော်တော် သဘောပေါက်သွားပြီ။

၆။ အခု အသစ်ထွက်တဲ့ iOS 7 ပေါ်ကော ဘယ်လိုမြင်လဲ။

ကျွန်တော်ကတော့ iOS7 ကို တော်တော်စိတ်ပျက်စရာကောင်းတယ် လို့ မြင်တယ်။ အဓိကကတော့ သူရဲ့ Stock Apps တွေရဲ့ Icon တွေက တော်တော် အခြေအနေဆိုတယ်လို့ပဲ ထင်တယ်။ ကျွန်တော်အထင်ပြောရရင်တော့ ဒီ iOS7 က အရိတ်အမြွတ်လောက် စမ်းပေးသုံးထားတယ်ထင်တာပဲ။ နောက်ထွက်လာမယ် iPhone နဲ့အတူတူမှ တကယ်ကောင်းတဲ့ iOS7 ကိုမြင်ရမယ်လို့ထင်တယ်။ ခုတော့ beta ပဲရှိသေးတော့ အတိအကျကြီးပြောဖို့တော့ စောပါသေးတယ်။

၇။ iOS 7 က flat UI ဖြစ်သွားတော့ လက်ရှိ App တွေကို flat UI ပြောင်းဖို့ အစီအစဉ် ရှိလား။

သူကပြောင်းသွားတော့ ကျွန်တော်တို့ကလည်း လိုက်ပြောင်းဖို့ပဲရှိတယ်။ ခုတော့ နည်းနည်းခြင်းစီ ပြောင်းနေတယ် iOS7 တကယ်ထွက်လာရင် ready ဖြစ်နိုင်အောင်လို့။

၈။ Flat နဲ့ Skeuomorphic design မှာ ဘာကို ပိုသဘောကျလဲ။

ကျွန်တော့် အနေနဲ့ကတော့ နှစ်ခုလုံးကြိုက်တယ်လို့ပဲပြောရမှာပဲ။ ဘယ် Design ပဲ ဖြစ်ဖြစ် Designer က တကယ်ကောင်းကောင်းဆွဲထားရင်တော့ ဘယ်ဟာဖြစ်ဖြစ်ကြည့်ကောင်းတာပဲ။ Designer မဟုတ်တော့ သေခြားတော့ မပြောတတ်ဘူး။ ခုနောက်ပိုင်တော့ Flat တွေခတ်စားလာတယ်ထင်တာပဲ။ Flat ကတော့ Developer တွေအတွက် ဆွဲရပြုရတာပိုလွယ်တာတော့ သေချာတယ်။ Designer အတွက်တော့ မပြောတတ်ဘူး။

၉။ Android App တွေ ဖန်တီးဖို့ကော အစီအစဉ် ရှိလား။

ဟုတ်ကဲ့ ရှိပါတယ်။ အချိန်ရှိရင်ရှိသလိုတော့ လေ့လာနေပါတယ်။

အခုလိုဖြေကြားပေးတဲ့ သက်သန့် ကို ကျေးဇူးတင်ပါတယ်။