Fly

အမြင့်ဆုံးကို ပျံသန်းကြစို့
ရေးသားသူ : saturngod

လွန်ခဲ့တဲ့ ၃ နှစ်နီးပါးလောက်က ကျွန်တော် Ornagai ကို iPhone app စထုတ်ခဲ့တယ်။ အဲဒီတုန်းက မှတ်မှတ်ရရ မြန်မာ iOS App ဆိုလို့ ကိုထွန်းသူရသက်ရဲ့ မြန်မာ Web Browser ပဲရှိသေးတယ်။ တခြား App တွေကို App Store ပေါ်မှာ ရှာကြည့်ပေမယ့် မတွေ့မိပါဘူး။ ဒါမှမဟုတ် keyword ကြောင့် ရှာမရတာလားမသိဘူး။ ကျွန်တော် Sar ထုတ်ပြီးသွားတဲ့ အချိန်မှာတော့ ကျွန်တော့် App အပါအဝင် App store ပေါ်မှာ ၁၀ ကျော်လောက် ရှိလာတာကို သတိထားမိတယ်။ ၂၀၁၂ ဇွန်လိုင် လောက်ဖြစ်မယ်ထင်တယ်။ အဲဒီ အချိန်တုန်းက မိုးကုတ် browser အပြင် အခြား မြန်မာ browser တစ်ခုပါ လူသုံးများတာကို တွေ့ရတယ်။ အခုအချိန်မှာ App Store ပေါ်မှာ Myanmar ဆိုပြီး ရှာကြည့်လိုက်ရင် iPhone app ပေါင်း ၁၈၈ ခု ရှိပြီးတော့ iPad app ပေါင်း ၁၀၄ ခု ရှိပါတယ်။ အဲဒီ App တွေထဲမှာ သတင်းစာ ၊ ဂျာနယ် App တွေဖြစ်တဲ့ 7 Days Newsမြန်မာ့အလင်းHot News သတင်းတွေ စုထားတဲ့ MMNews ။ ဗေဒင်နဲ့ မကင်းတဲ့ မြန်မာတွေ အတွက် မဟာဘုတ်mTarot စတာတွေလည်း ရှိပါတယ်။ တနည်းပြောရင် App store ပေါ်မှာ မြန်မာ App တွေဟာ category တော်တော်များများရှိနေပါပြီ။ နောက်ပြီး သုံးစွဲသူတွေဟာ လည်း များလာတာ တွေ့ရပါတယ်။ နေ့စဉ် US Account ကနေ ကျွန်တော့် App တွေကို download ချတာတွေ ရှိနေပါတယ်။ နောက်ပြီး နာမည်ကြီး မြန်မာ App တွေရဲ့ ranking တွေ ကို App Annie မှာ စစ်ကြည့်တော့ အများကြီး ကျ မသွားတာကို ကြည့်ခြင်းအားဖြင့် နေ့တိုင်း နီးပါး download ချနေကြတာကို ဖော်ပြနေပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် အချိန်လောက်က Ornagai ကို ကျွန်တော် ရောင်းခဲ့တုန်းက ဝယ်ကျတာကတော့ အဓိက Singapore သာ ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း Sar App ရောင်းတဲ့ အခါမှာတော့ United State ကနေ ဝယ်တာ များလာတာ တွေ့ရတယ်။ US က ဝယ်တဲ့ အများစုဟာ မြန်မာနိုင်ငံကနေ ဝယ်ကြတာပါ။ US Gift card နဲ့ မြန်မာ နိုင်ငံကနေ ဝယ်ကြတာကို တွေ့ရတယ်။ Jailbreak လုပ် ပြီး pirate app တွေ သွင်းလို့ရတယ်ဆိုပေမယ့် အသုံးပြုသူ တော်တော်များများဟာ Gift Card နဲ့ ပိုက်ဆံ ပေးပြီး ဝယ်ကြတာကို တွေ့ရပါတယ်။ အဲဒီအတွက်လည်း Developer တွေ အနေနဲ့ App ကို ပိုပြီး ကောင်းမွန်အောင် အားစိုက်ထုတ်ဖို့ လိုအပ်လာပါတယ်။ App Store ပေါ်မှာ review တော်တော်များများဟာ user တွေက ဝယ်သုံးပြီး အဆင်မပြေမှုတွေ ပြောလာတာတွေလည်း တွေ့နိုင်ပါတယ်။ iOS Developer အနေနဲ့ အသက်မွေးဝမ်းကြောင်း လုပ်နေတဲ့ မြန်မာတွေ များလာသလို App development ကို ဝါသနာပါတဲ့ လူတွေလည်း များလာတာကို တွေ့ရတယ်။ သို့ပေမယ့် အများစုကတော့ Web Development ကို လုပ်နေပြီး App Development ကို စမ်းသပ်ချင်ကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာ mobile App market ဟာ အရင်က ပိုကျယ်ပြန့်လာတယ်။ တချိန်တုန်းက Windows App တွေကို CD ခွေထုတ်ပြီး ရောင်းဖို့ကြိုးစားခဲ့ပေမယ့် ခိုးကူးရန်ကို ကြောက်လို့ မအောင်မြင်ခဲ့ဘူး။ ဒါ့အပြင် စျေးကြီးတာလည်း ပါတာပေါ့။ CD တချပ် ၅၀၀ ပဲရှိသင့်တယ်လို့ သုံးစွဲသူတွေ တွေးထင်တာကြောင့်လည်း ပါလိမ့်မယ်။ အခု အချိန် Mobile market မှာပေါ့ $0.99 ဆိုတာဟာ မပြောပလောက်တဲ့ Amount ပါ။ သို့ပေမယ့်လည်း ကိုယ်နဲ့ မသင့်တော်တဲ့ App ဆိုရင် refund ပြန်လိုချင်ကြပါတယ်။ အဲဒီ အတွက် Apple မှာ refund ပြန်လုပ်လို့ရပါတယ်။ ဒါဟာ သုံးစွဲသူတွေ အတွက် အဆင်ပြေစေသလို Developer တွေ အတွက်လည်း အဆင်ပြေစေပါတယ်။ မြန်မာ iOS , Android Mobile Developer တွေဟာ အများအားဖြင့် တကိုယ်တော် ရေးကြတာများတယ်။ တကိုယ်တော်ရေးလို့ ရနိုင်တဲ့ အတွက်ကြောင့်လည်း ဆိုနိုင်ပါတယ်။

ဒီလိုမျိုး Mobile App Developer တွေများလာသလို App တွေများလာတဲ့ မြန်မာ Market အတွက် ဒီလိုမှာ Developer တွေ အသုံးဝင်မယ့် Article အချို့ကို NSMag မှာ ပါဝင်လာပါတယ်။ Unit Testing , CocoaPods , App Store Revie Guide line , Mobile App Startup Bubble ? နှင့်အတူ မြန်မာ jailbreak keyboard developer တစ်ယောက်ဖြစ်တဲ့ မိုးစက် ရဲ့ interview စတာတွေ ပါဝင်လာတယ်။

Developer ပဲ ပြောပြော Coder ပဲ ပြောပြော ဉာဏ နဲ့ အလုပ်လုပ်နေတဲ့ သူတွေဟာ လက်ရှိ လုပ်ငန်းခွင်မှာပဲ ရပ်တန့်မနေပဲ အသစ်တွေ လေ့လာနေဖို့လိုတယ်လို့ ကျွန်တော် အြမဲယုံကြည်တယ်။ သစ်ခုတ်သမားဟာ သစ်ခုတ်ဖို့အတွက် ပုဆိန်ကို အမြဲ သွေးနေရသလို Developer တွေ အနေနဲ့ ကျွန်တော်တို့ရဲ့ အသိဉာဏ်တွေကိုလည်း အမြဲ တိုးတက်နေအောင် လုပ်နေဖို့လိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး Objective-C ကို လေ့လာခဲ့တယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်က iOS SDK framework နဲ့ အခုအချိန် iOS framework လုံးလုံးကို မတူတော့ပါဘူး။ Android SDK ဟာလည်း ထိုနည်းတူ ကွဲပြား နေပါပြီ။ WWDC ပွဲတွေ Google I/O ပွဲတွေဟာ Developer နေနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူတွေ အနေနဲ့ မလွယ်သင့်တဲ့ ပွဲတွေ ဆိုလည်း မမှားပါဘူး။ အမြင့်ဆုံးကို ပျံသန်းဖို့ ကျွန်တော်တို့မှာ လုံလောက်တဲ့ စွမ်းရည်တွေ ရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံ Target App အပြင် နိုင်ငံတကာ Target App တွေလည်း ရေးဆွဲနိုင်အောင် ကျွန်တော်တို့တွေ ကြိုးစား ဖို့လိုပါသေးတယ်။ နိုင်ငံတကာ နဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ idea ကောင်းကောင်း design ကောင်းကောင်း ဖြစ်ဖို့လိုအပ်ပါတယ်။ Code တွေသာမက Design တွေကို လေ့လာထားဖို့လိုတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က app UI design နဲ့ အခု အချိန် app UI Design တွေကလည်း တခြားစီကို ဖြစ်ကုန်ပါပြီ။ ကျွန်တော်တို့ဟာ အလုပ် တကယ်လုပ်ဖို့ လိုမှ လေ့လာမယ် ဆိုတာထက် နိုင်ငံတကာကို ယှဉ်ပြိုင်ချင်ရင် နိုင်ငံတကာ အရည်အသေးကို ရအောင် လေ့ကျင့် ဖန်တီး ယူရပါမယ်။ ကျွန်တော်တို့တွေ အမြင့်ဆုံး ကို ရောက်အောင် ပျံသန်းဖို့ အများကြီး ကြိုးစားဖို့လိုပါတယ်။

ဒီလ ထုတ် Article တွေဟာ နောက်တဆင့်ကို တက်ရောက်ဖို့ လှေကားထစ် တစ်ထစ် ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ mobile Developer တွေနဲ့ မိမိ ဉာဏ်စွမ်း ရှိသလောက် အမြင့်ဆုံးကို ပျံသန်းနိုင်ပါစေဗျာ။