Admob

Admob ကြော်ငြာထည့်မယ်ဆိုရင်
ရေးသားသူ : saturngod

Apps တွေကို ဖန်တီးတဲ့ အခါမှာ ရောင်းမှာလား ဒါမှမဟုတ် Fre ပေးမှာလား။ Free ကို ဘယ်လို ပေးမှာလဲ။ Freemium model သွားမှာလား။ ဒါမှမဟုတ် ကြော်ငြာထည့်မလား ဆိုပြီး စဉ်းစားရပါတယ်။ ကျွန်တော်ကတော့ ကြော်ငြာအတွက် Admob ကို အသုံးပြုပါတယ်။

Why Admob

Admob ဟာ Google က ဝယ်ယူထားတဲ့ mobile ကြော်ငြာ ထည့်သွင်းတဲ့ service တစ်ခု့ပါ။ Admob အပြင် Apple ရဲ့ iAd , Revmob , AdColony စတာတွေ ရှိပါတယ်။

Apple iAd ဟာ အဓိက US နဲ့ ဥရောပ အသုံးပြုသူတွေသာ မြင်ရပါလိမ့်မယ်။ Revmob ကတော့ Full Screen ကြော်ငြာတွေပါ။ အထူးသဖြင့် game တွေမှာ သုံးကြပါတယ်။ AdColony ကတော့ video ads ပါ။ Game တွေ မှာလည်း အသုံးများပါတယ်။

Revmob , AdColony စတာတွေက လက်ရှိ အသုံးပြုရတာကို အနှောင့်အယှက် ဖြစ်စေတယ်။ Game တွေ အတွက် အဆင်ပြေပေမယ့် ပုံမှန် App တွေ အတွက်တော့ အနှောင့်အယှက် ဖြစ်စေပါတယ်။

Admob က Banner ထည့်သွင်းဖော်ပြတဲ့ App ဖြစ်တာကြောင့် ပုံမှန် App တွေအတွက် အဆင်ပြေတယ်။ Game တွေအတွက်ဆိုရင်တော့ Revmob ဒါမှမဟုတ် AdColony စတာတွေက ပိုအဆင်ပြေပါမယ်။

Earning

Admob က Cost-per-click(CPC) base ပါ။ ကြော်ငြာ နှိပ်မှ ပိုက်ဆံရပါလိမ့်မယ်။ Cost-per-thousand-impressions (CPM) ကတော့ Advertisers ပေါ်မှာ မူတည်ပါတယ်။ ကြော်ငြာထည့်သွင်းတဲ့သူက CPM အနေနဲ့ ကြော်ငြာထည့်သွင်းထားရင် ကိုယ့်အနေနဲ့ user တွေကို ကြော်ငြာပြသလောက် ရပါလိမ့်မယ်။

ဒါကြောင့် သင့်မှာ အသုံးပြုသူ နေ့စဉ် သောင်းချီပြီးရှိနေရင်တော့ Admob ကနေ ဝင်ငွေရနိုင်ပါတယ်။

ဒါကြောင့် ကြော်ငြာထည့်သွင်းတော့မယ်ဆိုရင် ကိုယ့်ရဲ့ App က user ဘယ်လောက် ရှိမလဲဆိုတာ ကြိုတင်ခန့်မှန်းထားဖို့ လိုပါတယ်။ User ဘယ်လောက် ရှိလည်း ဆိုတာကို ခန့်မှန်းဖို့အတွက် ကိုယ့်ရဲ့ App အမျိုးအစား နောက်ပြီး ကိုယ်ရည်မှန်းထားတဲ့လူတွေ ရဲ့ အသက်အရွယ် စတာတွေပေါ်မူတည်ပြီး ခန့်မှန်းနိုင်ပါတယ်။

admob_income

ခန့်မှန်း အသုံးပြု အရေအတွက်

NSMag ဆိုရင် စတင်ဖန်တီးတဲ့ အချိန်က ခန့်မှန်း အသုံးပြုသူ တစ်ထောင်ဝန်းကျင် လို့ မှန်းထားပါတယ်။ iOS အဓိက ဖြစ်တာရယ် နောက်ပြီးတော့ Developer focus ဖြစ်တာရယ်ကြောင့်ပါ။ နောက်ပြီး ထည့်တွက်ရတာက platform ပါ။ NSMag က iPad နဲ့မှသာ ဖတ်ရသာ အဆင်ပြေလိမ့်မယ်။ ဒါကြောင့် သုံးစွဲသူတွေဟာ iPad ရှိဖို့လိုမယ်။ Android အတွက်ဆိုရင်လည်း Tablet ရှိဖို့လိုမယ်။ Article အများစုဟာ iOS အဓိကထားဖြစ်တဲ့အတွက်ကြောင့် Android သမားထက် iPad အသုံးပြုသူ iOS Developer မှသာ ဖတ်လိမ့်မယ်။ အယောက် တစ်ထောင်ဝန်းကျင်သာ ရှိတဲ့အတွက် တစ်လကို ကြော်ငြာကနေ $1 လောက်သာ ပြန်ရလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တယ်။

လက်တွေ့မှာသာ ပုံမှန် လစဉ် ဖတ်ရှုသူ အယောက် ၁၄၀၀ ကျော်သာ ရှိတယ်။ Android အတွက် မထွက်ခင်တုန်းကတော့ အယောက် ၆၀၀ ဝန်းကျင်သာ ရှိတယ်။ iOS + Android ကြော်ငြာ ဝင်ငွေက ၁ လကို $1 မပြည့်ပါဘူး။

သို့ပေမယ့် အသက်အရွယ်သုံးကို focus ထားတဲ့ dictionary လို app မျိုးကတော့ လူသုံးများသလို အပြိုင်အဆိုင်လည်း များပါတယ်။ လူတိုင်းအတွက် ရည်ရွယ်ပြီးရေးသားတဲ့ အခါမှာ လူသုံးများနိုင်သလို ကိုယ် App လိုမျိုး တခြား app တွေလည်း ထွက်လာနိုင်ပါတယ်။

Admob ကြော်ငြာထည့်တဲ့အခါ လူသုံးများတဲ့ App ဖြစ်ဖို့လိုပါတယ်။ မြန်မာပြည် market အတွက် App ကို ဖန်တီးတဲ့ အခါမှာ ပြည်တွင်း user အရေအတွက် နဲ့ တင် ပုံမှန် ဝင်ငွေလည်း ဖန်တီးနိင်ပါတယ်။ ပြည်တွင်းမှာ iOS + Android အသုံးပြုသူ ၁ သိန်းကျော်လောက် ရှိတယ်လို့ ငတက်ပြား game ဖန်တီးခဲ့တဲ့ Rival Edge က အောင်စည်သူကျော် ပြောဘူးပါတယ်။

ဒါကြောင့် အသုံးပြုသူ ၅ သောင်းဝန်းကျင်သာ ရှိရင် click နှိပ်တဲ့ နှုန်းလည်း များလာနိုင်ပါတယ်။ ဒါ့အပြင် CPM ကြော်ငြာကနေလည်း ဝင်ငွေ ရနိုင်ပါတယ်။ Admob က နေ ဝင်ငွေ $100 ကနေ $500 နီးပါးလောက်တော့ ရနိုင်ပါတယ်။

Sell vs Ads

ကြော်ငြာနဲ့ ရောင်းတာနဲ့ မတူတာကတော့ ရောင်းလိုက်တဲ့ အတွက် ပိုက်ဆံ က ချက်ခြင်းရပါတယ်။ နောက်ပိုင်း update တွေလည်း free ရပါတယ်။ Developer အနေနဲ့ နောက်ထပ် version အသစ် ပြောင်းသွားမှသာ version အသစ်ဆိုပြီး ထပ်ရောင်းကျပါတယ်။

ကြော်ငြာကတော့ Free ဖြစ်ပြီး ချက်ခြင်း ဝင်ငွေပြန်မရပါဘူး။ သို့ပေမယ့် သုံးစွဲသူများရင် များသလောက် ဝင်ငွေပြန်ရနိုင်ပါတယ်။

ကြော်ငြာထည့်သွင်းလိုက်တဲ့အခါမှာ ပုံမှန်အားဖြင့် ကိုယ့် App ရဲ့ Design ကိုတော့ ထိခိုက်နိုင်ပါတယ်။ UI Design အလှအပ ကို အဓိကထားတဲ့ App တွေကတော့ ကြော်ငြာမထည့်သွင်း သင့်ပါဘူး။

What you need for admob ?

Admob ကို အသုံးပြုဖို့အတွက် သင့်မှာ SWIFT Code ရှိတဲ့ Bank Account တစ်ခုလိုအပ်ပါတယ်။ စင်္ကာပူက ဘဏ်တွေ က SWIFT code တွေ ရှိပါတယ်။ Admob က ငွေကို လစဉ် လွှဲပေးပြီး ပုံမှန် အားဖြင့် လကုန်ခါနီး နောက်ဆုံး အပတ်မှာ ငွေဝင်ပါတယ်။ Bank က Transfer စရိတ် S$10 ကို ပုံမှန် ဖြတ်ပါတယ်။ ဒါက Bank ပေါ်မှာ မူတည်ပါတယ်။ ဒါမှမဟုတ် PayPal account ရှိဖို့ လိုပါတယ်။ PayPal ကနေ ကိုယ့် bank account ကို ပြန်ပြီး transfer လုပ်ဖို့ ၃ ရက်ကနေ ၅ ရက် ကြာတတ်ပါတယ်။ $200 နဲ့ အထက်ဆိုရင်တော့ လွှဲချ မပေးရပါဘူး။ $200 အောက်ဆိုရင်တော့ လွှဲချ $1 ပေးရပါတယ်။ Admob ကနေ Paypal မှာ fee မပေးရဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် exchange rate ကတော့ အနည်းငယ်ကွာတတ်ပါတယ်။