Happy New Year 2015

မင်္ဂလာနှစ်ပါ
ရေးသားသူ : saturngod

NSMag ကို မထုတ်ဖြစ်တာ တော်တော်လေးကို ကြာသွားပြီ။ ရေးစရာတွေ သိပ်မရှိတာရယ် နောက်ပြီးတော့ Apple Pay အကြောင်းရေးချင်ပေမယ့် သေချာ မသိတာရယ် ကြောင့် တော်တော်နောက်ကျသွားတယ်။ Apple Pay ပြီးတော့ Watch Kit ထပ်ထွက်လာတာကြောင့် Watch Kit ကို ထပ်လေ့လာဖြစ်ပြန်ကော။ ဒီလိုနဲ့ပဲ ထုတ်မယ်ထုတ်မယ် နဲ့ မထုတ်ဖြစ်တာ အတော်ကြာသွားတဲ့ စောင့်ဖတ်ကြတဲ့ စာဖတ် ပရိတ်သတ်ကို ဦးစွာ တောင်းပန်လိုပါတယ်။

၂၀၁၄ ကုန်လို ၂၀၁၅ ရောက်လာပါပြီ။ ဒီနှစ်မှာတော့ ဖုန်းတွေထက် ဝတ်ဆင်လို့ရတဲ့ wearable devices တွေ ခေတ်စားမယ့် နှစ်ဆိုလည်း မမှားပါဘူး။ 2015 မှာ Apple Watch က ဘယ်လိုလဲ ဆိုတာကို သေချာချာ မသိသေးပေမယ့် WatchKit ကို အသုံးပြုပြီးတော့ Apple ကို ရေးသားလို့ ရနေပါပြီ။ WatchKit က လက်ရှိ App ထဲမှာပဲ keyboard လိုမျိုး extension အနေနဲ့ ပါလာတာပါ။ ဒါကြောင့် သီးသန့် app မဟုတ်ပဲ လက်ရှိ app မှာပဲ ထပ်ဖြည့်ပြီး ရေးသားရုံပါပဲ။

Apple Pay ကတော့ US မှာပဲ အသုံးပြုလို့ သေးပြီးတော့ အာရှဘက်မှာ အသုံးပြုနိုင်ဖို့က အတော့်ကို ကြာအုံးမယ့် သဘောမှာ ရှိပါတယ်။ အဓိကတော့ Bank တွေ က support လုပ်ပေးမှာသာ Apple Pay အတွက် အဆင်ပြေပါမယ်။ ဒါကြောင့် အာရှမှာ အသုံးပြုဖို့က ၁ နှစ် အတွင်းတော့ သိပ်တော့ မလွယ်လောက်သေးပါဘူး။

2015 မှာတော့ iOS မှာ Swift ကို မဖြစ်မနေ ပြောင်းလာကြပါတော့မယ်။ Android မှာလည်း Material Design ကို တွေ့လာရပါတော့မယ်။ 2015 မှာ နောက်ထပ် လူကြိုက်များလာနိုင်တာကတော့ functional programming ပါပဲ။ Swift ဟာ fully functional programming မဟုတ်ပေမယ့် functional programming လိုမျိုး အသုံးချပြီးရေးသားနိုင်ပါတယ်။ စိတ်ဝင်စားရင်တော့ Functional Programming in Swift ဆိုတဲ့ စာအုပ်ကို ဖတ်ရှုနိုင်ပါတယ်။

နှစ်သစ်မှာတော့ နည်းပညာအသစ်တွေ နဲ့ ရှေ့ဆက်ပြီး လေ့လာစရာတွေကတော့ အများကြီး ပေါ်ထွက်လာပါအုံးမယ်။