Mobile App Startup Bubble ?

Mobile App Startup အကြောင်း တစေ့တစောင်း
ရေးသားသူ : saturngod

ဒီနေ့ Flud က August 8 ရက်နေ့ ရောက်ရင် ပိတ်ပြီဆိုပြီးတော့ mail ရောက်လာပါတယ်။ Flud ရှိခဲ့တာ ၃ နှစ်ရှိပါပြီ။ မှတ်မှတ်ရရ Pulse နဲ့ အပြိုင် Flud ကို ထွက်ခဲ့တာပါ။ Pulse ကတော့ Linkedin က ဝယ်သွားပြီးတော့ Flud ကိုတော့ လာမယ့် ဩဂုတ်လ ၈ ရက်နေ့ဆို ပိတ်တော့ပါမယ်။ ဒါ့အပြင် ဒီနေ့ Catch.com ကို လည်း ပိတ်သွားပြီဆိုတာကို ဖတ်လိုက်ရတယ်။ Flud ကော Catch.com ကော ၂ ခု စလုံးက အခြား Product အသစ် သို့မဟုတ် Direction အသစ်ကို သွားမယ်လို့ ဆိုထားတော့ company ပိတ်လိုက်တာတော့ မဟုတ်သေးပါဘူး။ နောက်ပြီးတော့ Digg founder, Kevin Rose ရဲ့ Oink ဆိုတဲ့ App ကလည်း ထုတ်ပြီး သိပ်မကြာခင်မှာ ရပ်နားခဲ့ပါတယ်။ နောက်တော့ Milk ကို google က ဝယ်သွားပြီးတော့ Rose အပါအဝင် team တစ်ခုလုံး google ကို ပြောင်းသွားပါတယ်။ အဲဒီမတိုင်ခင်က picplz က instagram နဲ့ အပြိုင်လုပ်ခဲ့ပေမယ့် July 3rd 2012 မှာ ပိတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ App.net ကို သူတို့တွေ လုပ်ခဲ့ပါတယ်။

Apple Store အောင်မြင်ပြီးတော့ နောက်မှာ App တော်တော်များများ ထွက်လာခဲ့ပါတယ်။ အဲဒီအထဲမှာ အအောင်မြင်ဆုံးကတော့ Angry Bird ပါပဲ။ နောက်ပြီးတော့ Cut The Rope , Where My Water စသည့် App တွေ ပါဝင်ပါတယ်။ Angry Bird ဟာ အရှုံးပေါ်နေတဲ့ Company ကို million dollar company ဖြစ်အောင် ပြောင်းပေးခဲ့ပါတယ်။ Angry Bird ရဲ့ Success story ဟာ Mobile App တွေ ဖန်တီးဖို့ အိပ်မက်တွေ ဖြစ်စေခဲ့တယ်။ နောက်ပြီးတော့ Instagram ရဲ့ အောင်မြင်မှုနဲ့ အတူ facebook က 1 Billions နဲ့ ဝယ်သွားခဲ့တယ်။ ဒါကြောင့် App Startup တွေဟာ အောင်မြင်ဖို့ စိတ်ကူးယဉ် အိမ်မက်တွေ ဖြစ်လာဖို့ ပိုဖြစ်လာနိုင်တယ်လို့ ဆိုနိုင်တယ်။ စင်္ကာပူမှာလည်း ပြီးခဲ့တဲ့ နှစ်ကနေ စပြီးတော့ App startup တွေ များလာတယ်။ အကုန်လုံးက Mobile App Startup တွေပါပဲ။ ကျွန်တော် မကြုံခဲ့ရ မတွေ့ခဲ့ရပေမယ့် ဖတ်ခဲ့ဖူးတဲ့ Dot com bubble burst အကြောင်းကို သွားသတိရမိတယ်။

Internet အောင်မြင်မှုနဲ့ အတူ အရာရာဟာ Online ပေါ်မှာ ဖြစ်လာတယ်။ အကုန်လုံးကို Online ပေါ်မှာ တင်ရောင်းလာတယ်။ အိမ်မွေး တိရစ္ဆာန် အစာတွေ အစ online ပေါ်မှာ ရောင်းလာတယ်။ အဲဒါကို Guy Kawasaki ရဲ့ Art Of Start စာအုပ်မှာ ရေးထားဖူးပါတယ်။ ခွေးစာဝယ်ဖို့ Shipping charges က အိမ်နားကဆိုင်မှာ ခွေးစာ ဝယ်တာထက် ပိုများနေတယ်။ 1998 , 1999 လောက်တုန်းက ကျွန်တော့် အသက် ၁၂ ၊ ၁၃ လောက်ပဲ ရှိအုံးမယ်။ မြန်မာနိုင်ငံမှာလည်း Website တွေ ခေတ်မစားသေးတော့ Dot Com Bubble အကြောင်းလည်း မသိဖြစ်ခဲ့ဘူး။ အဲဒီတုန်းက Company တွေဟာ

၁။ idea ကောင်းတွေနဲ့ Millions funding တွေ ရအောင် လုပ်တယ်

၂။ ၉ လ အတွင်းမှာ ရေးပြီးတော့ product ထွက်အောင် လုပ်တယ်

၃။ ထွက်ပြီးတာနဲ့ PR တွေလုပ်တယ်

၄။ သို့သော်လည်း startup တော်တော်များများဟာ မှန်းထားသလောက် မအောင်မြင်ကြဘူး

၅။ ၆ လလောက် အကြာမှာ version 2.0 ကို ပြန် ထုတ်တယ်

၆။ အဆင့် ၃ ကို ပြန်သွားပြီး အဲလို လည်ပတ်လိုက်တာ နောက်ဆုံး ပိုက်ဆံ ကုန်တဲ့ အထိပါပဲ။

အဲဒီတုန်းက အခြေအနေ ကို ကျွန်တော် မသိပါ။ 1998 , 1999 ဆိုတာ ကျွန်တော်တို့အတွက်တော့ Vist Myanmar Year 1998 ဆိုပြီး ဖိုးဝရုပ် ပုံ နဲ့ promotion တွေလုပ်နေတာပဲ မှတ်မိတော့တယ်။ Internet က မရှိ။ ဒါကြောင့်လည်း Dot Com Bubble Burst လည်း ဖြစ်မသွားပါဘူး။ သို့ပေမယ့်လည်း Google , Paypal စတာတွေက 1998 မှာ စခဲ့တာပါ။ Ebay, Amazon.com ကလည်း 1995 မှာ စခဲ့တယ်။

Dot com Bubble Burst အကြောင်းကို အရှင်းဆုံး ပြထားတဲ့ ပုံလေးကို ကြည့်လိုက်ရင် investment ဘယ်လောက် ထိ သုံးခဲ့လဲဆိုတာကို တွေ့နိုင်ပါလိမ့်မယ်။

dotcom

ကျွန်တော် သိသလောက် အခုအချိန် Mobile Startup တော်တော်များများဟာ

၁။ idea ကောင်းရှိတယ်။ တကယ်တော်တဲ့ founders တွေ ပါတယ်။ Funding ရှာတယ်။

၂။ ၆ လ လောက် product ထွက်အောင် ဖန်တီးတယ်။

၃။ App store ပေါ်တင်တယ်။ PR လုပ်တယ်။

၄။ ထင်သလောက် မပေါက်ဘူး။

၅။ version 2.0 ကို နောက်ထပ် ၅ လ လောက် အကြာမှာ ထွက်လာတယ်။

၆။ social feature တွေ facebook open graph တွေသုံးတယ်။

၇။ FeeAppADay လိုမျိုး site တွေကနေ promotion လုပ်ကြတယ်။ ဒါမှမဟုတ် ကြော်ငြာထည့်ပြီး ဝင်ငွေရှာတယ်။

၈။ ပိုက်ဆံ မကုန်ခင်အထိ တောင့်ခံကြသလို အောင်မြင်သွားတဲ့ company တွေလည်း ရှိတယ်။ လက်ရှိ App ကို ရပ်ပြီး နောက် အသစ် တစ်ခု ထုတ်တာလည်း ရှိတယ်။

တကယ်တန်းတော့ Dot com Bubble အချိန်နဲ့ သိပ်အကွာကြီး မဟုတ်လောက်ပါဘူး။ အခုအချိန်ထိတော့ Burst အဆင့်ကို မရောက်သေးဘူးဆိုရမယ်။ များပြားလှတဲ့ App တွေထဲမှာ အောင်မြင်ဖို့က ထင်သလောက် မလွယ်ပါဘူး။

App က iphone ကြော်ငြာတွေထဲမှာတောင် ပါတဲ့ Catch က ဘာကြောင့် ရပ်လိုက်တာလဲဆိုတာတော့ မသိပါ။ တဖြည်းဖြည်းနဲ့ App တော်တော်များများဟာ ရပ်ဆိုင်းလာတာကို တွေ့ရပါတယ်။ သို့ပေမယ့် အခုအချိန်ထိ နာမည်ကြီး App တွေ ရပ်လိုက်တာ မရှိသေးပါဘူး။ သို့ပေမယ့် မကြာခင်မှာ Mobile App ကနေ တခြား Wearable gadget လိုမျိုး platform အသစ်ကို ပြောင်းကောင်းပြောင်းမယ်လို့ မျှော်လင့်ရပါတယ်။ သို့ပေမယ့် Burst ဖြစ်နိုင်ဖို့တော့ အတော်လေးကို ရှားမယ်ထင်ပါတယ်။ အများအားဖြင့် dot com bubble ကနေ အတွေ့အကြုံတွေ ရခဲ့ပြီးတော့ App startup တွေဟာ ပိုက်ဆံတွေ မဖြုန်းတော့ပဲ လက်ရှိ project ကို စောစော စီးစီးရပ်လိုက်ကြတယ်။ picplz ကို ရပ်ပြီး App.net နဲ့ ဆက်လက်ရပ်တည်နေတာ အကောင်းဆုံး ဥပမာပါပဲ။